Skip to content
GitHub

Pull Requests (PRs) များကို မိတ်ဆက်ခြင်း

Pull Request (PR) ဆိုတာ ဘာလဲ?

Section titled “Pull Request (PR) ဆိုတာ ဘာလဲ?”

Pull Request (PR) ဆိုတာ ကိုယ် ပြင်ဆင်ထားတဲ့ အလုပ်တွေကို ကိုယ့် Branch (feature branch) ကနေ နောက်ထပ် အဓိက Branch (main) ထဲကို ထည့်သွင်း (Merge) ဖို့ တရားဝင် တောင်းဆို တင်ပြတာ ဖြစ်ပါတယ်။ ဒါဟာ တကယ့် git ရဲ့ တိုက်ရိုက် Command တစ်ခု မဟုတ်ဘဲ၊ GitHub သို့မဟုတ် GitLab လို Platform တွေက ဖန်တီးပေးထားတဲ့ အသုံးဝင်ဆုံး Feature တစ်ခုပါ။

စာအုပ် တစ်အုပ် ရေးတာနဲ့ ဥပမာ ပေးရရင် - ကိုယ်က ကိုယ်ရေးရမယ့် အခန်းကို ရေးလို့ ပြီးသွားပြီ (ကိုယ့် Feature Branch)။ PR ဆိုတာက အဲ့ဒီအခန်းကို စာတည်းမှူး (Main Branch ကို ထိန်းသိမ်းသူ) ဆီကို “ကျွန်တော့် အခန်းလေး ပြီးသွားပြီ၊ တစ်ချက်လောက် ပြန်စစ်ပေးပါ၊ အဆင်ပြေရင် စာအုပ်ထဲ ထည့်ပေးပါ” လို့ လှမ်းပြီး တင်ပြလိုက်တာနဲ့ တူပါတယ် ခင်ဗျာ။

PR တွေ ဘာကြောင့် အသုံးဝင်သလဲ?

Section titled “PR တွေ ဘာကြောင့် အသုံးဝင်သလဲ?”
  • Code Review (ကုဒ် ပြန်စစ်ဆေးခြင်း): ကိုယ်ရေးထားတဲ့ Code ကို အဖွဲ့သားတွေက ပြန်စစ်ပေးလို့ ရပါတယ်။ ဘယ်လို ပြင်ရင် ပိုကောင်းမယ်ဆိုတာ အကြံပေးနိုင်သလို၊ အဓိက Code ထဲကို Bugs တွေ မရောက်ခင် ကြိုတင် တားဆီးပေးနိုင်ပါတယ်။
  • ဆွေးနွေးတိုင်ပင်ရန် နေရာ: ကိုယ်လုပ်ထားတဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးဖို့၊ ဆွေးနွေးဖို့နဲ့ ဆုံးဖြတ်ချက်တွေကို သေချာ မှတ်တမ်းတင်ထားဖို့ နေရာတစ်ခု ဖြစ်လာပါတယ်။
  • စနစ်တကျ ပေါင်းစပ်ဖို့: ပြင်ဆင်မှုတွေကို ရမ်းသန်းပြီး သွားထည့်တာမျိုး မဟုတ်ဘဲ၊ အဖွဲ့သားတွေရဲ့ အတည်ပြုချက် ရမှသာ စနစ်တကျ Merge လုပ်နိုင်အောင် ထိန်းချုပ်ပေးပါတယ်။
  • အလိုအလျောက် စမ်းသပ်မှုများ (Automated Tests): PR ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် CI/CD စနစ်တွေက Tests တွေ ပြေးတာ၊ Deployment Previews တွေ ထုတ်ပေးတာတွေကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။

GitHub ပေါ်မှာ PR ဘယ်လို ဖွင့်မလဲ?

Section titled “GitHub ပေါ်မှာ PR ဘယ်လို ဖွင့်မလဲ?”

ကိုယ့်ရဲ့ Feature Branch ကို GitHub ဆီ Push လုပ်ပြီးသွားရင် အောက်ပါအတိုင်း ဆက်လုပ်ပါ -

  1. GitHub.com က ကိုယ့် Project Repository ကို သွားပါ။
  2. GitHub က အသင့် ပြပေးနေတဲ့ “your-feature-branch had recent pushes. Compare & pull request” ဆိုတဲ့ ခလုတ်စိမ်းလေးကို နှိပ်လိုက်ပါ။ (ဒါမှမဟုတ် “Pull requests” Tab ကို သွားပြီး “New pull request” ကို နှိပ်ပါ)။
  3. Base နဲ့ Compare ကို သေချာ ရွေးချယ်ပါ။
    • Base Branch: ဘယ် Branch ထဲကို ထည့်ချင်တာလဲ (ဥပမာ - main)။
    • Compare Branch: အခု ကိုယ် တင်ပြမယ့် Branch က ဘာလဲ (ဥပမာ - my-new-feature)။
  4. Title နဲ့ Description ကောင်းကောင်း ရေးပါ။
    • Title: ဘာကို အဓိက ပြင်ထားတယ်ဆိုတာ ရှင်းလင်းပြတ်သားစွာ ရေးပါ။
    • Description: ဘာလုပ်ထားသလဲ၊ ဘာကြောင့် လုပ်ရတာလဲ (ဥပမာ - Issue #123 ကို ဖြေရှင်းထားသည်)၊ ဘယ်လို ဖြေရှင်းထားလဲ ဆိုတာကို အခြားသူတွေ နားလည်လွယ်အောင် ရေးပြပါ။
  5. “Create pull request” ခလုတ်ကို နှိပ်လိုက်ပါ။

ကိုယ်တိုင် လုပ်ကြည့်ရန်

Section titled “ကိုယ်တိုင် လုပ်ကြည့်ရန်”

အရင် သင်ခန်းစာတွေမှာ Branch တစ်ခုကို Push လုပ်ခဲ့ဖူးတယ်ဆိုရင်၊ အဲ့ဒီ Branch ကနေ Local main ထဲကို GitHub ပေါ်မှာ PR တစ်ခု စမ်းပြီး ဖွင့်ကြည့်ပါ။ ရိုးရှင်းတဲ့ Title နဲ့ Description လေး စမ်းရေးကြည့်ပါ ခင်ဗျာ။